ဢွၼ်ၵၼ် သိုပ်ႇႁၵ်ႉသႃ ၽိင်ႈငႄႈၽိင်ႈထုင်း လိၵ်ႈလၢႆးပႆပေႇႁဝ်းၵႂႃႇ ယိုၼ်းယၢဝ်းၶၢဝ်းႁိုင်ၶဝ်ႈၸုမ်း
Back to stories

History

ပိုၼ်းဝဵင်း လွႆလႅမ် (ၽၢႆႇမၢၼ်ႈ)

လွိုင်လင်မြို့အမည်ကို တောင်ချွန်းထိပ်ကို အစွဲပြုပြီး ရှမ်းလို “လွႆလႅမ်” ကိုယူထားတာဖြစ်သည်။ မြို့အနောက်ဖက် တောင်တန်းမှာ အချွန်ဆုံးဖြစ်နေတဲ့ တောင်ကိုအစွဲပြုပြီးခေါ်တဲ့အမည်ပါ ။ လွိုင်(တောင်) ၊ လင်(ချွန်ထက်/ချွန်း) ဆိုတဲ့ အဓိပ္ပာယ်ပါ ။ လွယ်လင်လို့ အလွယ်အသံထွက်ပြီး ပြောတာ ရေးတာရှိဖူးပါတယ် ။ အဲ့တာကတော့ ဗမာနားနဲ့ကြားတာကို ရေးတာမျိုးပါ ။ ဥပမာ ပွန်ချောင်း ဖြတ်စီးသွားတဲ့မြို့မို့ ရှမ်းလို မိန်းပွန် - မိန်း(မြို့)ပွန် (ပွန်ချောင်းအမည်) လို့အသံထွက် ပေမယ် ဗမာမှုပြုတော့ မိုင်းပွန်မြို့ ဖြစ်သွားပါတယ် ၊ မိန်းနိုင် လို့အသံထွက်ပေမယ် ဗမာနားနဲ့မိုးနဲလို့ ကြားလို့ အခုသထိ မိုးနဲလို့ရေးတယ် ။ ရှမ်းပြည်က မြို့တော်တော်များများ “မိန်း”ကနေ “မိုး” ဖြစ်လိုက် “မိုင်း”ဖြစ်လိုက် ဖြစ်ပြီး မူလအမည် (အသံ) ပျောက်သွားခဲ့ပါတယ် ။ (Ke-His)ကေးဆီးကနေ ကျေးသီး ၊ (LaiKha) လိုက်ခ ကနေ လဲချား၊ မူလအဓိပ္ပာယ်နဲ့ အသံအမှန်ကိုမသိတဲ့အခါ ဗမာနားက ကြားရတဲ့ အသံနဲ့ အဓိပ္ပာယ်ကိုပဲ အလွယ်ပြောဆို ရေးခဲ့ပါတယ် ။

လွိုင်လင်ရဲ့ Land Mark က (ဗမာလို)ရင်ခွဲတောင် ၊ ရှမ်းလို လွိုင်ဆမ်ဟို (ခေါင်းသုံးလုံးတောင်) ပါ ။လွိုင်လင် ထဲရောက်လာပြီဆိုတဲ့ ရာသီဥတုအရသာနဲ့ အငွေ့အသက်ကို ရင်ခွဲတောင်က ပေးပါတယ် ။ မိုင်းပွန်ကနေ တစိမ့်စိမ့် တက်လာပြီး တောင်ခိုးတွေနဲ့အတူအမြင့်ဆုံးရောက်ပြီးရင် လမ်းတကွေ့လမ်းတကောက်မှာ တသိမ့်သိမ့် ပြန်ဆင်းရင်း မြို့ကိုဘွားခနဲ့တွေ့ရမယ် ။ ဒီကနေ လွိုင်လင်မြို့တည်တာကို စပြောမယ် ။

သီပေါ်မင်းပါတော်မမူခင် ရှမ်း ဗမာဆက်ဆံရေးကို ပြန်ကြည့်ရမယ်ဆိုရင် စော်ဘွားတွေ သမီးပေး ဗမာဘုရင်နှင့်သမက်တော်သော အခြေအနေ ၊ စော်ဘွား သားသမီးများကို နန်းတွင်းမှာ သားသမီးအမှတ် မွေးစားတယ်ဆိုတဲ့ အချက်နဲ့ ဓားစာခံလိုအခြေအနေ ၊ နန်းတွင်းနှင့် အင်မတန်နီးကပ်သော ဆက်ဆံရေးကို ညောင်ရွှေစော်ဘွား ၊ မိုးနဲစော်ဘွား နဲ့ လဲချားစော်ဘွားတို့ လို စော်ဘွားတွေ ရထားပါတယ် ။ စော်ဘွားတွေ မန္တလေးနန်းတွင်းကို အခွန်ဆက်ရသည်ကလွဲလို့ ရှမ်းပြည်အုပ်ချုပ်ရေးစနစ် ၊ တရားစီရင်ရေးစနစ် နဲ့ အခွန်စနစ်တွေကို ဗမာနန်းတွင်းက ထဲထဲဝင်ဝင် ဝင်ရောက်မစွက်ဖက်တဲ့ အနေအထားရှိခဲ့တာပါ ။ မိုးနဲစော်ဘွားကတော့ နန်းတွင်းနဲ့အင်မတန်နီးစပ် ပြီး မင်းတုန်းမင်းနဲ့ သမက်ယောက္ခထီးဆက်ဆံရေးရှိပြီး စော်ဘွားကိုယ်တိုင်လည်း နန်းတွင်းမှာ နိုင်ငံရေး ဩဇာကြီးပြီး ဓားထက်ပါတယ် ။ မိုးနဲမှာ (ဦးရွှေအောင်) တပ်မှုးအဆင့်နဲ့ ဗမာတပ်တစ်တပ်ကို အထိုင် ထားရပါတယ် ။

သီပေါမင်းနန်းတက်တော့ မိုးနဲစော်ဘွားသဘောမပါဘဲ မိုးနဲနယ်ထဲက မိုင်းဆတ်ကို မိုင်းပန်နဲ့ မောက်မယ်နယ်ထဲ၊ မိုးနဲနယ်ထဲက ကျိုင်းတောင်းကို ထပ်မံခွဲစိတ်ပြီး မြို့စားခန့်ထားလိုက်ပါတယ် ။ ဒါ့အပြင် မင်းတုန်းမင်း ချစ်မြတ်နိုးခဲ့တဲ့ မိုးနဲစော်ဘွားသမီးတော်ကို အကျဉ်းချထားလိုက်တယ် ။ ဗမာထီးရေးနန်းရာကိစ္စကို ဝင်မပါဘဲ မိမိတို့သားအဖရှမ်းပြည်ပြန်မှာမို့ မိုးနဲစော်ဘွားသမီးကို အကျဉ်းကလွတ်ပေးဖို့ စော်ဘွားကိုယ်တိုင် တောင်းဆိုတာတောင်မှ မရခဲ့ပါဘူး ။နောက်ဆက်တွဲက မော်လမြိုင် မှာရှောင်နေတဲ့ လင်းပင်မင်းသားနဲ့ မိုးနဲစော်ဘွားတို့ပေါင်းပြီး သီပေါစော်ဘွားကို စပုန်ကန် ပါတော့တယ် ။ မိုးနဲစော်ဘွားနဲ့အတူ မိုင်းနောင် ၊ကျိုင်းခမ်း ၊မောက်မယ် ၊ ဟိုပုံး ၊မိုင်းစစ် ၊ စတောင်း၊ ရပ်စောက် ၊ မိုင်းဆတ် ၊ မိုင်းပြင်း စော်ဘွားတို့ပါတယ် ။

ပထမဆုံးသော Confederacy ပါ ။ ရည်ရွယ်ချက်က လင်းပင်မင်းသားကို ဘုရင်တင်ဖို့ ၊ လင်းပင်မင်းသားဘုရင်ဖြစ်လာရင် ဗမာတပ်များရှမ်းပြည်ကရုပ်ဖို့ ၊ ရှမ်းပြည် ငြိမ်းချမ်းရေး ၊ ကူးသန်း ရောင်းဝယ်ရေး ၊ ဘာသာရေးကို ပြန်လည်ထူထောင်ဖို့ ၊ ရှမ်းအစည်းအရုံးရဲ့တပ်ကို ခိုင်မာစေဖို့ နဲ့ လင်းပင်မင်းသား ဘုရင်ဖြစ်လာပါက စော်ဘွားများထံ မလျော်ကန်သော အခွန်စည်ကြပ်ခြင်းမျိုး မပြုလုပ်ဘဲ သုံးနှစ်တစ်ကြိမ် ဂါရဝပြုမယ် စသည်တို့ဖြစ်တယ် ။ ဆိုလိုတာက ရှမ်းပြည်နယ်မှ လင်းပင်မင်းသားဦးဆောင်သော ရှမ်းစော်ဘွားများသည် သီပေါကိုနန်းချဖို့ ပုန်ကန်တာဖြစ်တယ် ။ ၁၈၈၆ မတ်လ ၂ရက်နေ့မှာ မိုးနဲမှာစုကြပါတယ် ။ မြေပြန့်မှာတော့ ၁၈၈၅ နိုင်ဝင်ဘာ ၂၉ မှာသီပေါ ပါတော်မူသွားပါပြီ ။ ဒါကြောင့် လင်းပင်မင်းသားနဲ့ရှမ်းစော်ဘွားတွေဟာ ကွန်ဖဒရေစီ မူအတိုင်း မန္တလေးနန်းတွင်းကိုသိမ်းထားတဲ့ ဗိတိသျှကိုဆက်လက်တိုက်ကြတာပါ ။ သီပေါပါတော်မူတာကို မခံမရပ်နိုင်လို့ သူ့ကျွန်မခံနိုင်လို့ဆိုတာမျိုးမဟုတ် ။ လွိုင်လင်အကြောင်းရေးမှာမို့ အသေးစိတ်ကို ဒီမှာမရေးတော့ပါ ။

နောက်ဆက်တွဲက လင်းပင်မင်းသားဟာ လက်နက်ချခဲ့တယ် ။ ရှမ်းစော်ဘွားတွေအချင်ချင်း ထိစပ်နယ်မြေတွေအတွက် ရှမ်းပြည်ပြည်တွင်းစစ်တွေဖြစ်ကြတယ် ။ ၁၈၈၇ ၊ မေလ ၅ရက်နေ့မှာ Hilde Brand နဲ့သူ့လက်ထောက် J.H.Scout (လင်းပင်မင်းသား စိန့်ဂျွန်းကောလိပ်တက်တုန်းက J.H.Scout ဟာ လင်းပင်မင်းသားရဲ့ဆရာဖြစ်ခဲ့တယ် ) ၊ ဗြိတိသျှစစ်တပ်မိုးနဲရောက်ပြီး မိုးနဲစော်ဘွား စဝ်ခွန်ကြည် နဲ့စေ့စပ်ဆွေးနွေးတယ် ။ နောက်ပိုင်း ရှမ်းပြည်ဟာ ခေတ္တခဏလောက်ငြိမ်းချမ်းသွားတယ် ။ ဗြိတိသျှ တွေရဲ့ ကြားဝင်စေ့စပ်မှုနဲ့ နယ်နိမိတ်တွေကို သတ်မှတ်ပြီးနေလိုက်တယ် ။ ဒီမှာ ဗြိတိသျှတွေ စဉ်းစားစရာက ရှမ်းပြည်ကို စစ်တပ်လွတ်ပြီးမြေပြန့်လို အလုံးစုံသိမ်းမလား ၊ ဗမာဘုရင်တွေနဲ့ ရှမ်းစော်ဘွားတွေဆက်ဆံရေးလို ဆက်ထားပြီး ဗမာဘုရင်ရဲ့အုပ်ချုပ်သူနေရာကို ဗြိတိသျှတွေ ယူမလား ဆိုတာပဲဖြစ်တယ် ။ ဗြိတိသျှတွေက Indirect Rule နဲ့ Federal Rule ကိုပေါင်းစပ်ကျင့်သုံး ခဲ့တယ် ။

ရှမ်းမြောက်ကို ဥတ္တရတိုင်း ဝန်ရှင်တော်မင်းကြီး လက်အောက်မှာထားပြီး လားရှိုးမှာ Head Quarterထားတယ် ။ ရှမ်းတောင်နဲ့မြေလတ်ဒေသကို ဒကိ္ခဏတိုင်းဌာနချုပ်ဝန်လက်အောက် ထားပြီး တောင်ကြီးမှာ Head Quarterထားတယ် ။

စော်ဘွားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ၊ အခွန်ကောက်ခံခြင်း နဲ့ တရားစီရင်ရေး(Customary Laws )ကို အပြည့်အဝပေးထားတယ် ။ ဒါပေမယ့် ဗြိတိသျှဘုရင်ခံ (သို့) ဝန်ရှင်တော်မင်းကြီးရဲ့ သဘောတူညီချက်ယူရပြီး နိုင်ငံရေးဆိုင်ရာ အရာရှိ( Political Officers) တွေကြီးကြပ်တာခံရတယ် ။ ၁၉၂၂ အောက်တိုဘာလ ၁ရက်မှာ Federated Shan State တည်ထောင်ပြီး Federal Council of Shan Chiefs ကိုဖွဲ့ခဲ့တယ် ။ ၁၉၂၃ နဲ့ ၁၉၃၇ ဒိုင်အာခီအုပ်ချုပ်ရေးမှာ ပြည်မနဲ့မရောဘဲ Excluded Areas အဖြစ်အုပ်ချုပ်ခဲ့တယ် ။ စော်ဘွားအပြင် မြို့စား ၊ နယ်စား တွေပါ ဖွဲ့စည်းအုပ်ချုပ်ခဲ့တယ် ။

ဗြိတိသျှတွေရဲ့အုပ်ချုပ်ရေးစနစ်အသက်ဝင်ဖို့ လားရှိုး(၁၉၀၄) ၊ ညောင်ရွှေစော်ဘွားပိုင် တောင်ကြီးကို(၁၈၉၄) ဗြိတိသျှအုပ်ချုပ်ရေးမြို့တွေအဖြစ် ပြောင်းလဲခဲ့သလို ၊ ကလောကို(၁၉၀၄)မှာ တောင်ပေါ် အပန်းဖြေစခန်း( Hill station ) အဖြစ် တည်ထောင်ပြီး ကိုဗြိတိသျှတို့က တိုက်ရိုက်အုပ်ချုပ်ခဲ့တယ် ။

အုပ်ချုပ်ရေးနဲ့ တောင်ပေါ်အပန်းဖြေစခန်းအတွက်တော့ ကျိုင်းတုံစော်ဘွားပိုင် လွိုင်မွေ နဲ့ လဲချားစော်ဘွားပိုင် လွိုင်လင် မှာ (ပြည်သူ့အုပ်ချုပ်ရေးဌာန (Civil station) တွေအဖြစ် စတည် ထောင်ခဲ့တယ် ။ လဲချားစော်ဘွားက သူ့နယ်ထဲက မြေနေရာကို ဗြိတိသျှအုပ်ချုပ်ရေးအတွက် လွိုင်လင်မြို့တည်ဖို့ ပေးခဲ့တဲ့အတွက် ဗြိတိသျှက နာရီတစ်လုံးလက်ဆောင်ပြန်ပေးခဲ့တယ် ။၁၈၈၈ ခုနှစ်မှာ လဲချား၊ မိုင်းကိုင်၊ ကျေးသီး၊ မိုင်းနောင်၊ မိုင်းရှူး၊ မိုးနဲ၊ မောက်မယ် နဲ့ မိုင်းပွန် ကိုအုပ်ချုပ်ဖို့ လွိုင်လင်ကို ဗြိတိသျှတို့က တည်ထောင်ခဲ့တာဖြစ်တယ် ။ ၁၉၀၂ ခုနှစ်မှာ Town ဆိုတဲ့ အင်္ဂလိပ် အသုံးအသုံးအနှုန်းကို စသုံးခဲ့တယ် ။ ၁၉၀၇ ခုနှစ် စက်တင်ဘာလ ၁၂ရက်နေ့ မှာ မြို့အဖြစ် အသိအမှတ်ပြုပါတယ် ။ ၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ လွိုင်လင်ကို မြူနီစီပယ်မြို့ အဖြစ် သတ်မှတ်ခဲ့ပြီး လွတ်လပ်ရေးမရမီက လဲချားစော်ဘွားက ခန့်တဲ့ မြို့စားတွေက အုပ်ချုပ်ခဲ့တယ် ။ မြို့အဖြစ်မတိုင်မီကတည်းက မြို့ဖြစ်လာမယ်ဧရိယာ ပါတ်လည်ဝန်းကျင်မှာ ရှမ်း၊ ပအိုဝ်း ၊ လားဟူ၊ ယင်း ၊ လီဆူ စတဲ့ (indigenous people) တွေက ရွာတည်ပြီးနေနှင့်ပြီးသားဖြစ်တယ် ။

လွိုင်လင်မြို့ရဲ့ အစောဆုံးသန်းခေါင်စာရင်းက ၁၉၀၁ ခုနှစ်သန်းခေါင်စာရင်း ၊ ၁၉၂၁ နဲ့ ၁၉၃၁ သန်းခေါင်စာရင်းတွေပဲ ဖြစ်ပါတယ် ။ ၁၉၂၁ နဲ့ ၁၉၃၁ သန်းခေါင်စာရင်းတွေကိုတော့ နှိုင်းယှဉ်မှု ဇယားတွေနဲ့ တွေ့ရပြီး စိတ်ဝင်စားစရာအချက်က ၁၉၂၁ ခုနှစ်မှာ “မိုးကုတ်နဲ့ လွိုင်လင် ကို မြို့အဖြစ် သတ်မှတ်ခဲ့သော်လည်း ယခုအခါတွင် ထိုသို့သတ်မှတ်ခြင်းမှ ချန်လှပ်ထားတယ်” လို့ မှတ်တမ်းတင်ထားတာကို တွေ့ရပါတယ် ။ နောက်ထပ် သတိထားမိစရာအချက်က မြို့ရဲ့လူဦးရေ ဟာ သိသိသာသာ မတိုးလာတာပဲဖြစ်တယ် ။ ၁၉၀၁ခုနှစ်မှာ လူဦးရေ ၁၃၆၉ ဦးရှိနေပြီး ၁၉၃၁ခုနှစ် မှာ ၂၆၈၀ဦးဆိုတော့ နှစ်ပေါင်း ၃၀ အတွင်း ၁၃၁၁ ဦးသာတိုးလာတာကို တွေ့ရှိရပါတယ် ။ ဒါဟာဘာကိုဖော်ပြနေလဲဆိုရင် လွိုင်လင်ဟာ တကယ့်ကို ကိုလိုနီခေတ် အုပ်ချုပ်ရေးမြို့လေး အဖြစ် သီးသီးသန့်သန့် အေးချမ်းတိတ်ဆိတ်စွာ ရှိနေပြီး ယခင်ရှိနှင့်ပြီးသား indigenous people တွေက တည်ထားတဲ့မြို့ပေါ်ရွှေ့ပြောင်းမလာကြဘူး ဆိုတာကိုဖော်ပြနေတာပဲ ဖြစ်တယ် ။ တနည်း စာပေ၊ယဉ်ကျေးမှု ၊ ဘာသာစကားမတူတဲ့မြို့ပေါ်ကို အရောက်အပေါက်နည်းကြတာကို ပြောပြ နေတယ် ။ အေးချမ်းတိတ်ဆိတ်လွန်တာကြောင့်လည်း မြန်မာအကြောင်း အများဆုံး ရေးခဲ့တဲ့ အင်္ဂလိပ်စာရေးဆရာ မေားရစ်ကောလင်းဟာ လွိုင်လင်မြို့ရဲ့ ယခုအထွေထွေ အုပ်ချုပ်ရေး ဌာနရုံး ဝန်းအတွင်းက အဆောက်အဦးမှာ နေထိုင်ပြီး စာတွေရေးသားခဲ့ပါတယ် ။

၁၉၃၁ မှာ လွိုင်လင်ဒေသခံ ဌာနေတိုင်းသားလူဦးရေက အများဆုံးဖြစ်ပြီး ၊ ဒုတိယ လူဦးရေ အများဆုံးက အိန္ဒိယနိုင်ငံသား ဟိန္ဒူများဖြစ်ကာ ၊ ဗမာနဲ့ တရုတ် ကလူဦးရေသိပ်မကွာဘဲ တတိယ အများဆုံးဖြစ်ပါတယ် ။ အိန္ဒိယနိုင်ငံသား အစ္စလမ်များကတော့ စတုတ္ထ လူဦးရေအများဆုံး ဖြစ်ပါ တယ် ။ လွိုင်လင်မြို့လေးဟာ အဲ့ဒီအချိန်ကတည်းက တကယ့်ကို ရုံးဆန်နေပုံကတော့ မြို့လူဦးရေ ဟာ အရပ်သားတဝက် ၊ အစိုးရဝန်ထမ်း တဝက်ဖြစ်နေပါတယ် ။ Military Police လူဦးရေမှာတော့ အိန္ဒိယ နိုင်ငံသား ဟိန္ဒူအများစုနဲ့ အခြားတိုင်းရင်းသားများဖြစ်ပါတယ် ။ အစ္စလမ်အမျိုးသား တစ်ယောက်သာ Military Police မှာပါဝင်ပြီး ကျန် အစ္စလမ်အများစုက အစိုးရဝန်ထမ်းတွေဖြစ် ကြပါတယ် ။ ထူးထူးခြားခြားဆိုလို Military Police မှာလွိုင်လင် ဒေသခံ ဌာနေတိုင်းရင်းသူတစ်ဦး ပါဝင်နေတာပဲဖြစ်တယ် ။ လွိုင်လင်ဟာ မြို့တည်စကတည်းက လူမျိုး ပေါင်းစုံ ဘာသာပေါင်းစုံ တည်ရှိမှုနဲ့ မြို့ကိုစခဲ့ကြတာဖြစ်ပြီး ယခုအထိ ဆက်လက်ရှိပါတယ် ။

၁၉၀၇ ခုနှစ် စက်တင်ဘာလ ၁၂ရက်နေ့ မှာ မြို့အဖြစ်ရခဲ့လွိုင်လင်မြို့ဟာ ၁၉၅၂ ခုနှစ်မှာ ခရိုင်မြို့အဖြစ် သတ်မှတ်ခံခဲ့ရတယ် ။

၁။လွိုင်လင်မြို့နယ် ( လွိုင်လင်၊ပင်လုံ၊မိုင်းပွန်)၊

၂။ လဲချားမြို့နယ် ၊

၃။ မိုင်းကိုင်မြို့နယ် ၊

၄။ ကျေးသီးမြို့နယ် (ကျေးသီး၊မိုင်းနောင် )၊

၅။မိုင်းရှူးမြို့နယ် (မိုင်းရှူး၊မိုင်းစံ)

၆။နမ့်စန့်မြို့နယ်( နမ့်စန်၊ခိုလမ်)၊

၇။ကွန်ဟိန်းမြို့နယ် (ကွန်ဟိန်း၊ကာလိ)၊

၈။မိုးနဲမြို့နယ်(မိုးနဲ၊ကျိုင်းတောင်း)၊

၉။လင်းခေးမြို့နယ် ၊

၁၀။မိုင်းပန်မြို့နယ် နှင့်

၁၁။မောက်မယ်မြို့နယ် ဆိုပြီး (၁၁)မြို့နယ်နဲ့ ခရိုင်ဖွဲ့ခဲ့တယ် ။
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအရ ၂၀၀၈ ခုနှစ်မှာတော့

၁။လွိုင်လင်မြို့နယ် ( လွိုင်လင်၊ပင်လုံ၊မိုင်းပွန်)၊

၂။ လဲချားမြို့နယ် ၊

၃။ မိုင်းကိုင်မြို့နယ် ၊

၄။ ကျေးသီးမြို့နယ် (ကျေးသီး၊မိုင်းနောင် )၊

၅။မိုင်းရှူးမြို့နယ် (မိုင်းရှူး၊မိုင်းစံ)၊

၆။နမ့်စန့်မြို့နယ်( နမ့်စန်၊ခိုလမ်)၊

၇။ကွန်ဟိန်းမြို့နယ် (ကွန်ဟိန်း၊ကာလိ) (၇)မြို့နယ်နဲ့ ခရိုင်ဖြစ်ခဲ့ပြီး
၂၀၂၂ ဧပြီလမှာမှာတော့ ခရိုင်တွေထပ်ခွဲပြီး

၁။လွိုင်လင်မြို့နယ် ( လွိုင်လင်၊ပင်လုံ၊မိုင်းပွန်)၊

၂။ လဲချားမြို့နယ် ၊

၃။ မိုင်းကိုင်မြို့နယ် (၃)မြို့နယ်နဲ့ခရိုင်ဖြစ်သွားပြန်ပါတယ် ။ 
 သေချာတာကတော့ လွိုင်လင်မြို့ဟာ လူဦးရေ မထူထပ်ဘူး ။ စတည်ကတည်းက အုပ်ချုပ်ရေး အတွက် တည်ခဲ့သလို ခုသထိလည်း အုပ်ချုပ်သူ အစိုးရအဆက်ဆက်အတွက် အုပ်ချုပ်ရေး ကဏ္ဍမှာအရေးပါနေဆဲပဲ ဖြစ်တယ် ။ ကိုလိုနီခေတ် အဆောက်အအုံတွေ ကျန်နေသေးတယ် ။ စီးပွားရေးမြို့ မဟုတ်ပေမယ့် အုပ်ချုပ်ရေးနဲ့ ပညာကျန်းမာ ကဏ္ဍမှာ အရေးပါတဲ့မြို့ဖြစ်တယ် ။ ရှမ်းတောင် ၊ရှမ်းရှေ့နဲ့ရှမ်းမြောက်ကို သွားဖို့ ကုန်စည်ကူးသန်းရောင်းဝယ်ဖို့ဆိုရင် ရှောင်ကွင်းသွားမရတဲ့ လမ်းဆုံမြို့ဖြစ်တယ် ။ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းအပါအဝင် ၊ ဂေါ်ရခါးဘုရားကျောင်း ၊ ပလီ ၊ ဆစ်(ခ)ဘုရားကျောင်း ၊ ဟိန္ဒူဘုရားကျောင်း ၊ ကက်သလစ် ဘုရားကျောင်း နဲ့ တိုင်းရင်းသားနှစ်ခြင်းဘုရားကျောင်း တွေဟာ မြို့စတည်ကတည်းက ရောက်လာတဲ့ ဝန်ထမ်းတွေရဲ့ ကိုးကွယ်ယုံကြည်မှုတွေနဲ့ တပါတည်းပါလာတာဖြစ်တယ် ။ ပြည်ထောင်စုစာချုပ်ချုပ်ခဲ့တဲ့ ပင်လုံဟာ လွိုင်လင်ကနေ (၆)မိုင်ပဲဝေးတယ် ။ ကိုလိုနီခေတ်ကနေ အခုသထိ သိပ်အပြောင်းအလဲမရှိသလို စီးပွားရေးမဖြစ်ပေမယ့် လွိုင်လင်ဟာ အမြဲတမ်း ပဋိပက္ခတွေနဲ့လွတ်ကင်းတဲ့ ငြိမ်းချမ်အေးဆေးတဲ့ သမိုင်းထဲက ခပ်တည်တည်မြို့လေး ပဲဖြစ်တယ် ။

Soe Moe

Reference:

1.1891-92_report_on_the_administration_of_burma

2. 1895-96_report_on_the_administration_of_burma

3. 1901-Census-Tables-Imperial

4. 1921-Census-Tables

5. 1941-Census-Summary

6. civil_list_1942

7. History of Lashio Township Portrayed by Chronicles (1763-1958)

8. Rules Under The Exice Act, 1896 (The Notified Areas))

9. shan_state_part_i_volume_i

10. shan_state_part_ii volume_i

11. shan_state_part_ii_volume_ii

12. ရှမ်းသမိုင်း အတွဲ(၁) ၊ ရှမ်းစာပေ ယဉ်ကျေးမှု ဗဟို

13.အရှင်သုခမိန္ဒ (တန့်ယန်း) ရှမ်းတိုင်းရင်းသာများ၏ ယုံကြည်ကိုးကွယ်မှုနှင့်ဓလေ့ထုံးစံများ

14.ရှမ်းသမိုင်းမှတ်တမ်း- ဒေါက်တာစိုင်းစံအိုက်

From the archive

Stories are stronger when shared.

Explore more writing about Shan language, memory, literature, and the living culture of the highlands.

View all literature